လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာများ
လူတွေဟာ အသက်အရွယ်ရလာတဲ့အခါမှာ လည်ပင်းအဆစ်တွေကြားက အရိုးနုချပ်ပြားလေးများဟာ ပျက်စီးယိုယွင်းလာတတ်ပါတယ်။ အဆစ်တွေ တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်း၊ အဆစ်ကိုတွယ်ထားသော ကြွက်သားများ၊ အရွတ်များ ဒဏ်ဖြစ်ပြီး ရောင်ရမ်းတောင့်တင်းလာခြင်း၊ အရိုးအတက်များထွက်ကာ အာရုံကြောများအားဖိမိခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
လည်ပင်းကျီးပေါင်းတက်ခြင်းဟာ အသက်အရွယ်ကြီးသူများတွင် အဖြစ်များပြီး စစ်တမ်းများအရ အသက် ၆၀ ကျော်သူများ၏ ၈၅% တွင် လည်ပင်းကျီးပေါင်းဖြစ်နိုင်ပြီး အချို့သောသူများတွင် ရောဂါလက္ခဏာများ ခံစားရနိုင်ပါတယ်။ လူငယ်များတွင်လည်း အထူးသဖြင့် ကွန်ပျူတာအသုံးပြုမှုများသူများ၊ စက်ချုပ်အပ်ချုပ်လုပ်သူများ၊ လည်ပင်းထိခိုက်ဒဏ်ရာရဖူးသူများတွင် ဖြစ်ပေါ်နိုင်ပါတယ်။
ရောဂါလက္ခဏာများမှာ
လည်ပင်းတဝိုက်ကြွက်သားနာခြင်း၊ တောင့်တင်းခြင်း
ဇက်ကြောတက်၊ ခေါင်းကိုက်ခြင်း
လက်၊ခြေထောက်များထုံကျဉ်ခြင်း၊ အားနည်းခြင်း
လမ်းလျှောက်ရာတွင်ခက်ခဲခြင်း (ယိုင်ခြင်း၊ တည့်တည့်မလျှောက်နိုင်ခြင်း )
ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း စသည်တို့ဖြစ်နိုင်ပါသည်။
ဤရောဂါလက္ခဏာများခံစားရတိုင်းလည်း လည်ပင်းကျီးပေါင်းရောဂါဟု တထစ်ချမပြောနိုင်ပါ။ ရောဂါသေချာစေရန်အတွက် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကုသပြီး လိုအပ်၍ ဆရာဝန်ကြီးများမှ ညွှန်ကြားပါက X- ray ဓာတ်မှန်ရိုက်ကြည့်နိုင်ပါသည်။ ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် လည်ပင်းအဆစ်ကျွံခြင်း၊ အတက်ထွက်ခြင်းများကိုတွေ့ရှိနိုင်ပြီး အာရုံကြောအခြေအနေများ ပိုမိုတိကျစွာသိရှိနိုင်ရန်အတွက် MRI (သံလိုက်ဓာတ်မှန်) နှင့် CT Scan (ကွန်ပျူတာဓာတ်မှန်) များရိုက်ကြည့်နိုင်ပါသည်။
ကုသနိုင်သည့် နည်းလမ်းများမှာ
ဆေးသောက်ခြင်း
လည်ပင်းထောက် (ကော်လာ) တပ်ဆင်ခြင်း
လေ့ကျင့်ခန်းလုပ်ခြင်း၊ ခဲဆွဲခြင်း
ခွဲစိတ်ကုသခြင်း တို့ဖြစ်ပါသည်။
မြို့တော်ဆေးရုံတွင် ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများ၊ ခေတ်မီစက်ကိရိယာများ (Digital X-ray, 640 Slice CT Scan, 1.5 T MRI) နှင့် လေ့ကျင့်ရေးစင်တာ (Rehabilitation Center) တို့ဖြင့် လူနာများ၏ ကျီးပေါင်းရောဂါကို အကောင်းဆုံးတိုင်ပင်ဆွေးနွေး ကုသပေးလျှက်ရှိပါသည်။