ကိုဗစ်ဖြစ်ပြီးရင် သတိထားသင့်တဲ့ အချက်များ
ကိုဗစ်ဗိုင်းရပ်စ်က အဆုတ်ကို အဓိက ထိခိုက်စေတဲ့အပြင် အခြားသောကိုယ်အင်္ဂါတွေကိုပါ ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်ပြီးလို့ ပြန်ကောင်းပြီဆိုပြီး မပေါ့ဆသင့်ပါဘူး။
ဘာတွေ သတိထားသင့်ပြီး ဘယ်ချိန်လောက်မှာ ပုံမှန်ပြန်ဖြစ်မလဲ?
==========================
ကိုဗစ်တတိယလှိုင်းမှာ လူတော်တော်များများ ကိုဗစ်ဖြစ်ကြပါတယ်။ တချို့က ဖြစ်မှန်းမသိကြဘူး။ တချို့က ဖျားနာ၊ အနံ့ပျောက်ရုံလောက်ပဲဖြစ်ကြတယ်၊ တချို့က အောက်ဆီဂျင်နည်းနည်းကျတယ်၊ တချို့က အောက်ဆီဂျင်တော်တော်လေးကျတယ်၊ ကိုဗစ်ဖြစ်ပြီးရင် ဖျားတာနာတာ မရှိတော့ဘူး၊ အောက်ဆီဂျင် ပုံမှန် ပြန်ဖြစ်ပြီ၊ ၁၄ ရက် ပြည့်ပြီ၊ ကိုယ်ခံအားကို စစ်ပြီး ကိုယ်ခံအားပေါ်နေပြီ၊ ပုံမှန်ပြန်ဖြစ်ပြီဆိုပြီး မပေါ့ဆ သင့်ပါဘူး။ ကိုဗစ်ဖြစ်ပြီးရင် ကိုဗစ်ရဲ့နောက်ဆက်တွဲရောဂါ အခြေအနေတွေ ဖြစ်တတ်တာကို သတိထားရပါမယ်။
ကိုဗစ်က အဆုတ်ကို ထိခိုက်စေတဲ့အပြင် – နှလုံးနှင့် သွေးကြော – ကျောက်ကပ် – အရေပြား – ဦးနှောက် နဲ့ အာရုံကြောတွေကို ထိခိုက်စေနိုင်ပါသေးတယ်။ ကိုဗစ်ဖြစ်ပြီးလို့ ၁၄ရက် ပြည့်ပြီးသည့်တိုင်အောင် – မောနေသေးတယ် – ရင်ဘတ်အောင့်တယ် – အသက်ရှုရခက်တယ် – ပြန်ပြန်ဖျားတယ် – နုံးတယ် – ကြွက်သားတွေနာတယ် – ခြေဆစ်လက်ဆစ်တွေ ကိုက်တယ် နာတယ် – မတ်တပ်ရပ်တဲ့အခါ မူးတယ် အစရှိတာတွေ ခံစားနေရရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး ကုသသင့်ပါတယ်။
ဘယ်လိုလူတွေမှာ ပိုသတိထားသင့်သလဲ?
ကိုဗစ်ဖြစ်တဲ့အခါ အောက်ဆီဂျင်ကျတဲ့သူတွေ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ အခံရှိတဲ့သူတွေမှာ ပိုပြီးသတိထားသင့်ပါတယ်။ ကိုဗစ်ကြောင့် ပုံမှန်ဆေးဝါးတွေကို ပြောင်းလဲပစ်ရတဲ့အတွက် ကိုဗစ်ပြီးသွားတဲ့အခါ စစ်ဆေးမှုတွေ သေချာလုပ်ပြီး ဆေးဝါးတွေကို စနစ်တကျပြန်လည် ချိန်ညှိဖို့ အရေးကြီးပါတယ်။ ကိုဗစ်ဖြစ်ပြီးသွားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဒဏ်ဖြစ်ပြီး ကျန်ခဲ့လား မကျန်ခဲ့ဘူးလားဆိုတာ မျက်စိနဲ့ ကြည့်ရုံနဲ့ တပ်အပ်မသိနိုင်ပါဘူး။ လိုအပ်တဲ့သွေးစစ်ဆေးမှုတွေ၊ ဓာတ်မှန်စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဘယ်လောက်ကောင်းပြီလဲ၊ လူကောင်းလို လုပ်ဆောင်နိုင်ပြီလားဆိုတာကို ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေး အဖြေရှာသင့်ပါတယ်။
မြို့တော်ဆေးရုံကြီးတွင် ကိုဗစ်နောက်ဆက်တွဲစစ်ဆေးမှုများ (Post COVID Medical Checkup) ကို ပြုလုပ်နိုင်ပြီး သမားတော်ကြီးများ (Physician) နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
မြို့တော်ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်း၊ ဆေးရုံတက်ကုသခြင်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပတ်များသို့ ရုံးချိန် (9 am to 5 pm) အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။