ဆင်ရေယုန် နှင့်နောက်ဆက်တွဲ နာကျင်မှု
လူနာ: “ ဆရာ . မျက်နှာတစ်ခြမ်းဘာဖြစ်သွားလဲမသိဘူး။ မနေ့ညမအိပ်ခင်အချိန်အထိအကောင်းရယ်။ မိုးလင်းအိပ်ယာနိုးတော့ စပ်ဖျဉ်းဖျဉ်းဖြစ်နေတယ်ထင်လို့မှန်ကြည့်လိုက်တော့မှတွေ့တာ။ မျက်နှာတစ်ခြမ်း နီရဲနေတာ၊ အရည်ကြည်ဖုလေးတွေလည်းတန်းစီပြီးပေါက်နေတာ”
ဆရာ: “ အကောင်တစ်ကောင်ကောင် ကိုက်သွားတာများလား”
လူနာ: “မဟုတ်လောက်ဘူးဆရာ၊ ခြင်ထောင်နဲ့အိပ်တာ။ ပြီးတော့ ကလေးနဲ့အမျိုးသားလည်းအတူအိပ်တာ။ သူတို့ဘာမှမဖြစ်ကြဘူးလေ။”
လူနာကိုအနီးကပ်သေချာစမ်းသပ်စစ်ဆေးပြီးနောက်-
ဆရာ: “ ယားလား? …. နာလား ? ….. စပ်လား ?”
လူနာ: “ ဘယ်လိုပြောရမလဲမသိဘူးဆရာ။ နာသလိုလို စပ်သလိုလို နဲ့။ ယားတာတော့လုံးဝမယားဘူး သေချာတယ်”
ဆရာ: “အရေပြားရောဂါတော်တော်များများက ယားတာ။ အခုဟာကတော့ မယားဘူး၊ နာသလိုတောင်ရှိနေတယ်ဆိုတော့ ရေယုန်ဗျ။သေချာတယ်။ ဆင်ရေယုန် Herpes Zoster ပါဗျာ”
လူနာ: “ ဟယ်-ဘာလို့ဖြစ်တာလဲမသိဘူးနော်”
ဆရာ: “ ဒါက virus ကူးတာ။ Varicella zoster virus လို့ခေါ်တယ်။အရေပြားချင်းထိတွေ့ရာမှတဆင့် ဒါမှမဟုတ် virus ပိုး တိုက်ရိုက်အရေပြားထဲကို ရောက်သွားရာကတဆင့် ကူးတတ်တယ်ဗျ။ ရိုးရိုးရေယုန်ဆိုတာရှိသေးတယ်။ Herpes simplex ပေါ့။ သူကျတော့ Herpes simplex virus ကြောင့်ဖြစ်တာ။ ပါးစပ်တို့ နှုတ်ခမ်းတို့မှာ အရည်ကြည်ဖုသေးသေးလေးတွေပေါက်တတ်တယ်။ နာတော့မနာဘူး။ ယားသလိုလို စပ်သလိုလိုတော့ရှိတယ်”
လူနာ: “ အော်- အဲဒီလိုမျိုးလည်း ကျွန်မမှာ ဖြစ်ဘူးတယ်။ သူ့ဘာသာသူပျောက်သွားတယ်ထင်တာပဲ။ သနပ်ခါးလေးတို့ထားလိုက်တာ။ ဟီး ဟုတ်လားတော့မသိဘူး။ သွားတိုက်ဆေးလိမ်းရင်ပျောက်တယ်ဆိုလို့ လိမ်းကြည့်ဘူးတယ်။ ပျောက်တယ်ဆရာ”
ဆရာ: “ အင်း- ဒါပေမဲ့ တချို့လူတွေမှာပြန်ပြန်ဖြစ်တတ်တယ်။ သိပ်တော့ပြဿနာမရှိပေမဲ့ ကြာရင်တော့အရေပြားတင်မက အခြားသောအင်္ဂါ အစိတ်အပိုင်းတွေအထိပါ ပြန့်နှံ့တတ်တယ်။ ပျောက်တာကတော့ အရေပြားပေါ်ကအဖုတွေအနာတွေမရှိတော့ရင် ပျောက်တယ်ထင်ကြတာပေါ့။ ဟိုတုန်းကဆိုရင် တစ်ယောက်ယောက်က ရေမန်း မန်းပေးရင် ပျောက်တယ်တောင်ပြောကြတာပဲ။ antiviral သောက်ဆေးသေချာသောက်ပြီးမှ ပျောက်တာ ကတော့ပိုကောင်းတာ စိတ်ချရတာပေါ့”
လူနာ: “ အခု ကျွွန်ဖြစ်တဲ့ဆင်ရေယုန်ကျတော့ရောဆရာ”
ဆရာ: “ အင်း-ဆင်ရေယုန် (Herpes Zoster) ကတော့ နည်းနည်း ပိုရှုပ်တယ် ပိုလဲ ဆိုးတယ်ပြောရမလားပဲ။
ထူးခြားတဲ့လက္ခဏာတွေကတော့-
နာကျင်မှု့ (pain) ပဲ။ ခန္ဓာရဲ့တစ်ဖက်ဖက်မှာ (unilateral) ပဲဖြစ်တယ်။ အာရုံကြောတွေစီးဆင်းဖြန့်ခွဲမှု့အတိုင်း ဖြစ်တယ်။ အရေပြားပေါ်မှာ ဘာမှမဖြစ်သေးခင်တောင် နာကျင်မှုက အရင်ဆုံးလာတတ်တယ်။ တခါတလေ ရင်ဘတ်ကအောင့်တာလိုလို ဖြစ်တော့ နှလုံးသွေးကြောကျဉ်းတာလိုလို၊ ဗိုက်ထဲကထိုးအောင့် သလိုဖြစ်တတ်တာမို့ အစာအိမ်ပေါက်တာလိုလို၊လေနာလိုလို၊ အရိုးအဆစ်တွေပဲနာတာလိုလို မှားတတ်ကြတယ်။ အရေပြားကို သာမန်ထိတွေ့ကိုင်ရုံနဲ့တောင် နာကျင်တတ်ကြတယ်။
နာကျင်မှု့နဲ့အတူ ကိုယ်လက်ကိုက်ခဲသလို၊ ဖျားချင်သလို၊ တုပ်ကွေးလိုလိုတွေလဲဖြစ်တတ်တယ်။
နောက် ၂၄-၉၆ နာရီအတွင်း မှာအာရုံကြော သွားရာလမ်းအတိုင်း အနီဖုလေးတွေ၊ အရည်ကြည်ဖုလေးတွေ တန်းစီပေါ်လာတော့တာပါပဲ။ အရည်ကြည်ဖုလေးတွေကပေါက်ပြဲပြီးအနာဖေးဖတ်လေးတွေ(crust) ဖြစ်လာတယ်။များသောအားဖြင့်အရေပြားပေါ်ကအနာတွေက၂ ပတ်ကနေ ၄ ပတ်အတွင်းပျောက်ကင်းသွားတာပါပဲ။
အရေပြား ကနေတဆင့်သွေးထဲကိုရောက်သွားပြီး အရေပြားရဲ့တခြားနေရာတွေကိုလည်းပျံ့နှံ့တတ်တယ်။ ပါးစပ်၊ လိင်အင်္ဂါ၊ ပြန်ရည်အကြိတ်၊ မျက်စိ၊ နား အထိပြန့်နှံ့တတ်တယ်။ အရမ်းဆိုးလာရင်တော့ မျက်ကြည်လွှာယောင်ယမ်းတာ၊ မျက်ခွံတွဲပြီးပိတ်သွားတာ၊ ရေတိမ်စွဲတာ၊ ကိုယ်တစ်ပိုင်းအကြောသေတာတွေအထိဖြစ်တတ်တယ်။
လူနာ: “ ဟာ အရမ်းဆိုးလှချည်လားဆရာ။ကြောက်စရာကောင်းလိုက်တာ။ ကျွွန်ဆို ဘယ်လောက်အထိ ဖြစ်နိုင်လဲဆရာ”
ဆရာ: “ အခုလို သိသိချင်းဆရာဝန်နဲ့ပြသပြီးစနစ်တကျကုမယ်ဆို သိပ်စိတ်ပူစရာမရှိပါဘူး။ စောစောစီးစီး ရောဂါအဖြေ ( Diagnosis) ရထားပြီး antiviral drugs တွေသေချာပေးထားရင် အဲ့လောက်ဆိုးဝါးတဲ့အခြေအနေတွေဖြစ်မလာနိုင်ပါဘူး။ အခုခေတ်မှာ အရည်အသွေးကောင်းမွန်တဲ့ antiviral တွေ ဥပမာ Acyclovir, Valaciclovir, Famciclovir စတာတွေရှိနေပြီပဲ။ မစိုးရိမ်ပါနဲ့ဗျာ။ အရေးကြီးတာက စောစောပြ စောစောသိ၊ စောစောကုဖို့ပါ”
လူနာ: “ ဒါဆို စိတ်ချရပြီ လုံးဝပျောက်ပြီပေါ့နော် ဆရာ”
ဆရာ: “ အင်း …အရေပြားပေါ်ကအနာတွေလည်းပျောက်မယ်။ Virus တွေလည်း သေကုန်မယ် ဆိုတော့ ပျောက်ပြီလို့ပြောရမလိုပါပဲ။ အရေးကြီးဆုံး ကြာရှည်အခံစားရဆုံး နောက်ဆက်တွဲ ပြသာနာကတော့ နာကျင်မှု့ (pain) ပဲ။ ရေယုန်စဖြစ်ပြီဆိုကတည်းက နာလိုက်တဲ့နာကျင်မှု့ဟာ အရေပြားပေါ်ကအနာတွေပျောက်ကင်းသွားသည့်တိုင် နောက်ထပ် ၃ လ ၆ လ တခါတလေများ တစ်နှစ်တိုင်အောင် တစ်ဆစ်ဆစ်နဲ့ဒုက္ခပေးနေတော့တာပါပဲ။ ရေယုန်ရဲ့ နောက်ဆက်တွဲ ပြသာနာအနေနဲ့ဖြစ်တဲ့ ဒီနာကျင်မှု့ကို ( post herpetic neuralgia) လို့ခေါ်တယ်။ အထူးသဖြင့် မျက်နှာမှာ ရေယုန်ပေါက်တဲ့သူတွေ၊ အသက်၆၀ အထက်လူတွေ၊ ခုခံအား ကိုယ်ခံအား ကျဆင်းနေတဲ့အခြေအနေမျိုးတွေမှာ ပိုဖြစ်တတ်တယ်”
လူနာ: “ ဟာ – ကြောက်လိုက်တာဆရာရယ်။ ကျမ မိတ်ဆွေတစ်ယောက် ဖြစ်တာ ကြုံဘူးတယ်။ အမြဲအော်နေရတယ်”
ဆရာ: “ ဟုတ်တယ်။ အကိုက်အခဲပျောက်ဆေးမျိုးစုံနဲ့မသက်သာလို့ နောက်ဆုံး ဆေးရုံတင်ပြီးတော့ အာရုံကြောထုံအောင် (nerve block) လုပ်ရတာတွေတောင်ရှိတယ်”
လူနာ: “ အဲဒါမှ ဒုက္ခ။ ကျွန်မက အစာအိမ်ရောဂါရှိတော့ အကိုက်အခဲပျောက်ဆေးတော်တော်များများ နဲ့လည်း မတည့်ဘူးဆရာ”
ဆရာ: “ အော်- အဲဒီအတွက်တော့စိတ်မပူနဲ့ဗျ။ ပြီးတော့ post herpetic neuralgia မှာသောက်တဲ့ အကိုက်အခဲပျောက်ဆေးဟာ တခြားပုံမှန်အကိုက်အခဲပျောက်ဆေးတွေနဲ့မတူဘူး။ အစာအိမ်မှာ အဓိကအလုပ်လုပ်တာမဟုတ်ပဲ အာရုံခံ စနစ်နဲ့ဦးနှောက်ကြားမှာရှိနေတဲ့ sensory impulse တွေကို ပဲ အဓိကထားသက်ရောက်စေတာမို့ အစာအိမ်နာကျင်မှု့နဲ့တော့မပတ်သက်ပါဘူး။ Pregabalin ( e.g- Lyrica) , gabapentin , tricyclic antidepressant စတာတွေသုံးလို့ရတယ်။ ဘယ်လိုသောက် ၊ဘယ်လောက်သောက် ၊ ဘယ်အချိန်အထိသောက်ဆိုတာတွေတော့ ဆရာဝန်က ချင့်ချိန်ပေးပါလိမ့်မယ်”
လူနာ: “ အဲဒီဆေးတွေ နဲ့ မတည့်တဲ့ အခြေအနေတွေရောရှိသေးလား ဆရာ”
ဆရာ: “ ဒါလဲ ဆရာဝန် က လူနာကို သေချာစစ်မေးပြီးမှ ဆုံးဖြတ်ပါလိမ့်မယ်။ ဆီးချို၊သွေးတိုး၊ နှလုံး ၊ အသည်း ရောဂါအခံရှိသူတွေ၊ သွေးအားနည်းရောဂါ၊ ခုခံအားကျဆင်းရောဂါ၊ ကင်ဆာရောဂါသမားတွေအတွက်လည်း သတိထားပေးရတတ်ပါတယ်။ တခါတလေ အခြား narcotic analgesics တွေနဲ့ပေးရတာလည်းရှိပါတယ်”
လူနာ: “ ရေယုန်မဖြစ်အောင်ကာကွယ်လို့ရပါသလားဆရာ”
ဆရာ: “ VZV vaccination ထိုးလို့ရပါတယ်။ တစ်နှစ်တစ်ခါပေါ့။ ဆိုးရွားတဲ့အခြေအနေမရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်”
လူနာ: “ တခြားဘာတွေဆင်ခြင်လိုက်နာရဦးမလဲဆရာ”
ဆရာ: “ အိပ်ရေးဝဝအိပ် ၊ အစားကောင်းကောင်းစား၊ သန့်သန့်ရှင်းရှင်းနေ၊ စိတ်ဖိစီးမှု့တွေလျော့ချ ပေါ့”
လူနာ: “ရေချိုးလို့ရလားဆရာ”
ဆရာ: “ ချိုးချင်စိတ်ရှိဖို့ပဲလိုတယ်။ချိုးလို့ ရပါတယ်”
လူနာ: “ ဒါဆိုရင် ဆင်ရေယုန် Herpes Zoster ဖြစ်ပြီးရင် နောက်ဆက်တွဲ ပြသာနာတွေထဲမှာ post herpetic neuralgia နာကျင်မှုက အဆိုးဆုံးပေါ့နော်။ အခုဆရာ ကျွန်မကို အဲဒါနဲ့ ပတ်သက်တဲ့ဆေးတခါတည်း ပေးမှာလား။ ပြီးမှသောက်ရမှာလားဆရာ”
ဆရာ: “ ဆင်ရေယုန် မှန်းသိပြီဆိုကတည်း antiviral ဆေးတွေနဲ့အတူ တခါတည်း သောက်လို့ရပါတယ်။ အခုကတည်းက တခါတည်းပေးထားမှာပါ။ မစိုးရိမ်ပါနဲ့။ အခု ဆေးတွေက အစွမ်းထက်ပါတယ်။
အရေပြားပေါ်မှာတော့ အမာရွတ် ( scar) ကျန်တာရှိတတ်တယ်။ ဒါပေမဲ့ post herpetic neuralgia နာကျင်မှုထက်စာရင် ဘာဟုတ်သေးလဲ ပြောရမလိုပါပဲ။ ပျောက်သွားမှာပါ။နောက် ဆယ်ရက်လောက်ကြာရင်တော့ ဆရာ့ဆီ follow up တစ်ခေါက်ပြန်လာခဲ့ဦးပေါ့”
လူနာ: “ ကျေးဇူးတင်ပါတယ်ဆရာ ။ ကျွန်မ ဆက်ဆက်ပြန်လာပြပါ့မယ်”