Menu
X
← Back to Doctor Directory
image
  News

သွေးလွန်တုပ်ကွေး‌‌‌ကြောင့် အသက်မဆုံးရှုံးရလေအောင်

(ဖတ်ရန်ကြာချိန် – ၃ မိနစ်)

သွေးလွန်တုပ်ကွေး (Dengue Hemorrhagic Fever – DHF )ဆိုသည်မှာ နာမည်အတိုင်း

သွေးလွန် – သွေး‌ကြောများမှ သွေးယိုထွက်နိုင်ပြီး

တုပ်ကွေး – တုပ်‌ကွေးမိသည့်အတိုင်း ဖျားနာကိုက်ခဲစေနိုင်ပါတယ်။

ကျား၊မ အသက်အရွယ်မရွေး ဖြစ်ပေါ်စေနိုင်ပြီး အသက် (၁၅) နှစ်အောက် ကလေးများတွင် ပိုမိုအဖြစ်များပါတယ်။

သွေးလွန်တုပ်ကွေးသည် Flavi Virus ကို သယ်ဆောင်လာတဲ့ Aedes ခြင်ကိုက်ခြင်းမှ ကူးစက်တတ်ပြီး ရောဂါအစပျိုးသည့်ကာလ (Incubation Period) သည် ၃ ရက်မှ ၁၄ ရက်အထိ ကြာမြင့်တတ်ကာ အများအားဖြင့် ၄ ရက်မှ ၇ရက် ကြာတတ်ပါတယ်။

ယခုလို မိုးရာသီ ခြင်ပေါက်ဖွားသည့် အချိန်ကာလတွင် ကလေးများတွင် ဖြစ်ပွားလေ့ရှိတတ်ပြီး အခန့်မသင့်ပါက အသက်အန္တရာယ်ဆုံရှုံးသည်အထိ ဖြစ်နိုင်သဖြင့် မပေါ့ဆသင့်သော ရောဂါဖြစ်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရပါက

(၁) ဖျားခြင်း

(၂) အဆစ်အမြစ်၊ ကြွက်သားများ ကိုက်ခဲ ခြင်း

(၃) ပျို့အန်ခြင်း

(၄) မျက်လုံးများကိုက်ခြင်း

(၅) ခန္တာကိုယ်ပေါ်တွင် အနီစက်များ ပေါ်ပေါက်လာခြင်း – Hess’s Test (+)

သည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လေ့ရှိပါသည်။

သွေးလွန်တုပ်ကွေးသည် အထက်ပါ သာမန်လက္ခဏာများလောက်နှင့် ပျောက်ကင်း

သက်သာသွားလေ့ရှိတတ်သော်လည်း အောက်ပါ စိုးရိမ်ဖွယ်လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ကုသမှုခံယူသင့်ပါသည်။

(၁) ဗိုက်နာခြင်း

(၂) ၂၄ နာရီအတွင်း (၃)ကြိမ်နှင့်အထက် အန်ခြင်း

(၃) နှာခေါင်းနှင့် သွားဖုံးတို့မှသွေးယိုထွက်ခြင်း

(၄) သွေးအန်ခြင်း/ သွေးဝမ်းသွားခြင်း

အထူးသတိပြုရန်မှာ Day 3 – 5 တွင် သွေးလန့်ခြင်း (Dengue Shock) မဖြစ်မီ အဖျားကျသွားတတ်သည်ကို နေပြန်ကောင်းသွားပြီဟု မှားယွင်းယူဆတတ်ကြပါသည်။ ရုတ်တရက် အဖျားကျပြီး လက်ဖျားခြေဖျားများ အေးစက်လာခြင်း၊ မှိန်းလာခြင်း ၊ဂဏာမငြိမ် ဂျီကျလာခြင်း တို့သည် သွေးပေါင်ချိန်တိုင်းမရဘဲ သတိလစ်သွားနိုင်သည့် Dengue Shock ၏ရှေ့‌ပြေးလက္ခဏာများဖြစ်သဖြင့် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူသင့်ပါသည်။

ရာသီတုပ်ကွေးကာကွယ်ဆေးသည် သွေးလွန်တုပ်‌ကွေးရောဂါကို ကာကွယ်မပေးပါ။

✅ အဖျားကျစေရန် Paracetamol တိုက်နိုင်ပါတယ်။

အချို့ အကိုက်အခဲပျောက်ဆေးများ (aspirin/NSAIDs) စသည်တို့သည် ခန္တာကိုယ်တွင်းသွေးထွက်မှုဖြစ်စေနိုင်သည့်အတွက် သွေးလွန်တုပ်‌ကွေးရောပါတွင် ရှောင်ကြဉ်ရပါမည်။

ကော်ဖီရောင်ရှိသော အစားအသောက်များသည်လည်း အန်ပါက သွေးအန်ခြင်းနှင့် ခွဲခြားရခက်နိုင်သဖြင့် ရှောင်ရပါမည်။

“Prevention is better than Cure” ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဟုဆိုသည့်အတိုင်း သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်ပွားသည့်အချိန်မှ ကုသခြင်းထက်၊ မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသည် ကူးစက်ဖြစ်ပွားနှုန်းကို ကျဆင်းစေနိုင်သည်သာမက မလိုလားအပ်ဘဲ ရောဂါပြင်းထန်ခံစားရခြင်း၊ အသက်ဆုံးရှုံးခြင်းများမှ ကြိုတင်ကာကွယ် နိုင်ပါသည်။

သွေးလွန်တုပ်‌ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်

(၁) ခြင်အကိုက်မခံရအောင်နေခြင်း

(၂) လုံခြုံသောအဝတ်အစား (အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း)

(၃) ခြင်မပေါက်ဖွားနိုင်အောင် ရေစီးရေလာမကောင်းသောမြောင်းများတူးဖော်ခြင်း၊ ခြုံများရှင်းလင်းခြင်း၊ ရေသိုလှောင်သောကန်များ လုံခြုံစွာ ဖုံးအုပ်ခြင်း (ဖုံးသွန်လဲစစ်)

(၄) ခြင်ထောင်အသုံးပြုခြင်း (ဆေးစိမ်ခြင်ထောင်) ၊ ခြင်ဆေးထွန်းခြင်း နှင့် ခြင်ဆေးများဖြန်းခြင်း အစရှိသည်တို့ကို လုပ်ဆောင်သင့်ပါသည်။

ခြင်ဆေးခွေထွန်းခြင်းသည် ခြင်အန္တရာယ်ကိုကာကွယ်ပေးသော်လည်း ရေရှည်တွင် ကလေးများ၌ အသက်ရှုလမ်း‌ကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်စေနိုင်သည်ကို သတိပြုသင့်ပါသည်။


© Copyright 2024 City Hospital Mandalay. All rights reserved.

Feedback
Feedback
How would you rate your experience?
Do you have any additional comment?
Next
Enter your email if you'd like us to contact you regarding with your feedback.
Back
Submit
Thank you for submitting your feedback!